မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အသင်းဝင်ကုမ္ပဏီများအတွက်
လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်စည်းကမ်းများ
MGMA Code of Conduct

 

နိဒါန်း

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်ကုမ္ပဏီများ[1] (ကုမ္ပဏီများဟု ဆက်လက်ကိုးကားမည်) သည် လုပ်ငန်းဆိုင်ရာ တာဝန်ယူမှု (Corporate Responsibility) ကို အသိအမှတ်ပြုသည်။ တာဝန်ယူစိတ်ဖြင့် လူမှုရေးအရသော်လည်းကောင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအရသော်လည်းကောင်း၊ စီးပွားရေးအရသော်လည်းကောင်း၊ ရေရှည်တည်တံ့သော အထည်ချုပ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ပေါ်ပေါက်လာစေရန် အထောက်အပံ့တစ်ခုဖြစ်စေရန် ယခုကျင့်ဝတ်စည်းကမ်းကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ရေးဆွဲခြင်းဖြစ်သည်။

ယခုကျင့်ဝတ်စည်းကမ်းသည် ကုမ္ပဏီများက တာဝန်ယူသော လုပ်ငန်းအလေ့အထကို မိမိသဘောဆန္ဒအလျောက် လေ့ကျင့်ပျိုးထောင်းပေးရန်အတွက် ပြဌာန်းခြင်းဖြစ်သည်။ ဤစည်းကမ်းတွင် ကုမ္ပဏီများ၏ တာဝန်ယူမှုနှင့် သက်ဆိုင်သော မူဝါဒများနှင့် လက်တွေ့ လုပ်ဆောင်ချက်များကို အထောက်အကူဖြစ်စေနိုင်မည့် အချက်ကများ အကြံပြုထားသည်။ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်ကုမ္ပဏီများသည် ဤကျင့်ဝတ်စည်းကမ်းများကို အပြည့်အဝအကောင်အထည်ဖော်အသုံးချရန်မှာ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်ရမည်ဖြစ်သော်လည်း ဤကျင့်ဝတ်ဆိုင်ရာစာတမ်းတွင် ဖော်ပြထားသော စီးပွားရေးဆိုင်ရာ တာဝန်သိလုပ်ငန်းစဥ် စံနှုန်းများကို သင့်လျော်မျှတသလို အသုံးပြုလုပ်ဆောင်ပြီး အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်အထိ စွဲကိုင်လုပ်ဆောင်ရမည်။ ထို့အပြင် အလားတူဖြစ်သော ကျင့်ဝတ်စံနှုန်းသတ်မှတ်ဆောင်ရွက်မှုကို ကုမ္ပဏီများမှ ၎င်းတို့ထံ ကုန်ကြမ်းတင်သွင်းသူ (Supplier) နှင့် ၎င်းတို့၏ လက်ဝေခံ (Subcontractor) များကိုလည်း အသိပေး၍ လိုက်နာဆောင်ရွက်ရန် နှိုးဆော်ရမည်။

ဤကျင့်ဝတ်စည်းကမ်းပါ အချက်အလက်များသည် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု အလုပ်သမားစံနှုန်းများနှင့် လူ့အခွင့်အရေးဆိုင်ရာ ပြဌာန်းထုတ်ပြန်ချက်များကို အရင်းခံရေးဆွဲထားခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း (ILO) မှ ကြေငြာထားသော လုပ်ငန်းခွင် အခြေခံစည်းမျဥ်းနှင့် ရပိုင်ခွင့်များ၊ လူ့အခွင့်အရေးနှင့် စီးပွားရေးဆိုင်ရာ ကုလသမဂ္ဂမှ လမ်းညွှန်ထားသော အခြေခံစည်းမျဥ်း၊ ကုလသမဂ္ဂဆိုင်ရာ တရားဝင်သဘောတူညီချက်နှင့် နိုင်ငံတကာအဖွဲ့အစည်းလုပ်ငန်းများအတွက် ချမှတ်ထားသော (OECD) လမ်းညွှန်းချက်များ ပါဝင်သည်။

အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ကုမ္ပဏီနှင့် စီးပွားရေးအဖွဲ့အစည်းများက လိုက်နာကျင့်သုံးစေရန် ဆောင်ရွက်ရမည်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်သည်။ ကုမ္ပဏီများအနေဖြင့်လည်း မိမိတို့၏ လုပ်ငန်းကို စီးပွားရေးအရ အောင်မြင်အောင် ဆောင်ရွက်နေသည့်တစ်ချိန်တည်းမှာပင် စီးပွားရေးလှုပ်ရှားမှုများတွင်လည်း ကျင့်ဝတ်မှာပါဝင်သည့် လိုက်နာရမည့်အချက်များကို ထည့်သွင်းလုပ်ဆောင်သင့်သည်။ သို့သော်လည်း ပြည်တွင်းဥပဒေနှင့် ထုတ်ပြန်ချက်သည် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များထက် အလုပ်သမားကို ပိုမိုအကာအကွယ်ပေးနိုင်ခဲ့လျှင် ပြည်တွင်းဥပဒေကသာ အတည်ဖြစ်သည်။


[1]  MGMA ၏ ၃၀၀ အထက်ဖြစ်သော ကုမ္ပဏီအများစုမှာ ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်သော်လည်း အဖွဲ့အစည်းတွင် အခြားဆက်နွယ်လျက်ရှိသော ဒီဇိုင်းဆိုင်ရာ အဖွဲ့အစည်းများ၊ အရည်အသွေး အကဲဖြတ်ကုမ္ပဏီများ၊ ဖက်ရှင်ကျောင်းများနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများလည်း ပါဝင်နေပြီး ၎င်းတို့ပါဝင်လိုမှုကိုလည်း ကြိုဆိုလျက်ရှိသည်။

 

၁။ အမျိုးသားဥပဒေနှင့် စည်းမျဥ်းများကို လေးစားလိုက်နာခြင်း

ကုမ္ပဏီများသည် တည်ဆဲဥပဒေနှင့် စည်းမျဥ်းများကို မဖြစ်မနေ လေးစားလိုက်နာရမည်။ အမျိုးသားဥပဒေတွင် ဖော်ပြထားခြင်းမရှိသော သို့မဟုတ် အားနည်းသော စည်းမျဥ်းများ ရှိခဲ့ပါက ကုမ္ပဏီများသည် ဤကျင့်ဝတ်စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။

 

၂။ တာဝန်ယူသော လုပ်ငန်းများ၏ ကျင့်သုံးမှုကို အခြေခံကျကျနားလည်ခြင်း

ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်နေသော လူမှုပတ်ဝန်းကျင်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အလျောက် ထိုပတ်ဝန်းကျင်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် သာယာဝပြောရေးကို ၎င်းတို့၏ စီးပွားရေးလှုပ်ရှားမှုများမှတဆင့် အထောက်အကူပြုရမည်။ ထို့ကြောင့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စီးပွားရေးလှုပ်ရှားမှုများသည် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ လူမှုစီးပွားဆိုင်ရာ အခြေအနေများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် မည်သို့သက်ရောက်မှုရှိသည်ကို သိရှိနားလည်ရမည်။ ကုမ္ပဏီများမှ စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဥ်းများဖြစ်သော ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ ရိုးသားမှုနှင့် ဂုဏ်သိက္ခာရှိမှုတို့ကို မြှင့်တင်ဆောင်ရွက်နိုင်ရမည်။ အလုပ်သမားနှင့် စီမံမှုဆိုင်ရာ အပိုင်းတို့မှလည်း လာဘ်ပေးလာဘ်ယူခြင်းနှင့် အဂတိလိုက်စားမှုကို မည်သည့်အသွင်းမျိုးနှင့်မျှ လက်မခံပါ။ ကုမ္ပဏီ၏ အကျိုးစီးပွားနှင့် အလုပ်သမား၏ အကျိုးစီးပွားကို နှစ်ဖက်စလုံးမှ သေချာကြပ်မတ်စွာ ခွဲခြားထားရမည်။ အလုပ်သမားများ၊ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များ၊ ဖောက်သည်များနှင့် မျှတဖြောင့်မတ်သော ဆက်ဆံမှုမူဝါဒကို အချိန်တိုင်း ကျင့်သုံးရမည်။ စီးပွားရေးစာချုပ်များကို ချုပ်ဆိုပြီးလျှင် မည်သည့်အခြေအနေတွင်မှ မပြောင်းလဲဘဲ တလေးတစား လိုက်နာရမည်။ စီးပွားရေးနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နှစ်ဖက်စလုံးမှ မပေါက်ကြားစေရန် ထိန်းသိမ်းရမည်။

 

၃။ လူ့အခွင့်အရေးများအပေါ် အလေးထားမှု

လူ့အခွင့်အရေးများကို သတ်မှတ်ထားသော စည်းမျဥ်းဘောင်အတွင်း၌ ကာကွယ်စောင့်ရှောက်ရန်မှာ နိုင်ငံတော်အစိုးရ၏ တာဝန်ဖြစ်သည်။ လူ့အခွင့်အရေးကို အလေးထားလက်ခံရန်မှာ အဘက်ဘက်မှ လုပ်ဆောင်ရန် ဖြစ်နိုင်သော အတိုင်းအတာများကို နားလည်သဘောပေါက်ထားသော ကိုယ်ပိုင်လုပ်ငန်းများ၏ တာဝန်ယူမှုပင်ဖြစ်သည်။ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောတရားများ[2] အရ ကုမ္ပဏီများသည် ယင်းတို့၏ ကိုယ်ပိုင်လုပ်ဆောင်ချက်များတွင် လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာများကို ရှောင်ကြဥ်ရမည်။ စီးပွားရေး စွမ်းဆောင်ချက်များနှင့်ပတ်သက်၍ ကုမ္ပဏီများသည် လူ့အခွင့်အရေးချိုးဖောက်မှုက သိသာထင်ရှား ပေါ့ပါးစေရန် လုံ့လဝီရိယစိုက်၍ ကြိုးစားအားထုတ်ရမည်။ ကုမ္ပဏီများကြောင့်ဖြစ်သော လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များတွင် သက်ဆိုင်ရာ ကုမ္ပဏီများသည် ပြဿနာကို မှန်ကန်အောင် ဖြေရှင်းနိုင်ရန်အတွက် လိုအပ်ချက်များနှင့် အကြောင်းပြချက်ခိုင်လုံစွာဖြင့် တုံ့ပြန်နိုင်ရမည်။ ကုမ္ပဏီများ၏ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များ (ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ အပါအဝင်) နှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများတွင်မူ ကုမ္ပဏီများသည် သက်ဆိုင်ရာ တာဝန်ရှိသူများအား စွန့်စားမှုလျော့ပါးစေရန် တွန်းအားပေးခြင်း၊ စီးပွားရေး ကွန်ရက်များတွင် အခွင့်အရေးချိုးဖောက်ခံရမှုများကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တွန်းအားပေးသင့်သည်။


[2]  အခြေခံကျသော စည်းမျဥ်းများနှင့် လုပ်ငန်းခွင် အခွင့်အရေးများဆိုင်ရာ ILO နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာချက်များမှ လူ့အခွင့်အရေးဆိုင်ရာများကို မှီငြမ်းအခြေခံထားသည်။

 

၄။ အလုပ်သမားအခွင့်အရေးများနှင့် လုပ်ငန်းခွင်အခြေအနေများ

အသင်းဝင်ကုမ္ပဏီများသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်းမှ သတ်မှတ်ထားသော စံညွှန်း (၈) ချက်[3] ကို လေးစားလိုက်နာပြီး ဘေးကင်းလုံခြုံသော၊ လူသားခြင်း စာနာထောက်ထားမှုရှိသော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် တာဝန်ရှိပါသည်။


[3]  ဤကျင့်ထုံးများသည် ILO ၏ အခြေခံသဘောတူညီမှု (၈) ချက်မှ နမူနာယူထားခြင်းဖြစ်ပါသည်။ ၎င်း (၈) ချက်မှာ -
  • လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းခွင့်ဆိုင်ရာ ပြဌာန်းချက် ၁၉၄၈ (အမှတ် - ၈၇)
  • ဖွဲ့စည်းခွင့်နှင့် စုပေါင်းညှိနှိုင်းတောင်းဆိုမှုဆိုင်ရာ ပြဌာန်းချက် ၁၉၄၉ (အမှတ် - ၉၈)
  • အဓမ္မခိုင်းစေမှုဆိုင်ရာ ပြဌာန်းချက် ၁၉၃၀ (အမှတ် - ၂၉)
  • အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ ပြဌာန်းချက် ၁၉၅၇ (အမှတ် - ၁၀၅)
  • အနည်းဆုံးအသက်အရွယ် ပြဌာန်းချက် ၁၉၇၃ (အမှတ် - ၁၃၈)
  • အဆိုးရွားဆုံးပုံစံဖြင့် ကလေးလုပ်သား ခိုင်းစေခြင်းဆိုင်ရာ ပြဌာန်းချက် ၁၉၉၉ (အမှတ် - ၁၈၂)
  • တူညီသော အခကြေးငွေဆိုင်ရာ ပြဌာန်းချက် ၁၉၅၁ (အမှတ် - ၁၀၀)
  • ခွဲခြားဆက်ဆံမှု (အလုပ်ခန့်ထားမှုနှင့် အလုပ်အကိုင်) ဆိုင်ရာ ပြဌာန်းချက် ၁၉၅၈ (အမှတ် - ၁၁၁)

၄။ (က) ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရန်အတွက် ထိရောက်သော ပြုပြင်ဆောင် ရွက်မှုပြုခြင်း။

ကလေးလုပ်သားများ မိမိလုပ်ငန်းခွင်အတွင်း လျော့နည်းပပျောက်ရန် အသင်းဝင်ကုမ္ပဏီများမှ သံဓိဌာန်ချမှတ်၍ ပြုပြင်ဆောင်ရွက်ရန် လိုအပ်သည်။ ထိုသို့ဆောင်ရွက်ရန် အလို့ငှာ အသက် (၁၄)နှစ် အောက် ကလေးအလုပ်သမားများအား ခန့်အပ်တာဝန်ပေးခြင်း မပြုလုပ်ရန်နှင့် ထိရောက်မှုရှိသော အသက် ပြည့်/မပြည့် စစ်ဆေးခြင်းကို ပြုလုပ်ဆောင်ရွက်ပြီးမှသာလျှင် အသင်းဝင်ကုမ္ပဏီများမှ အလုပ်ခန့်အပ်ရမည်။[4]

အကယ်၍ ကလေးလုပ်သားများအား ခန့်ထားပြီးဖြစ်ပါက ထိုကလေး အလုပ်သမားများအား အလုပ် ထုတ်ပစ်ခြင်း၊ တာဝန်မှရပ်စဲခြင်းမပြုရန်၊ ထိုကလေးလုပ်သားများအား ဥပဒေကြောင်းအတွင်းမှ ပေါ့ပါးသော အချိန်ပိုင်း အလုပ်တာဝန်ကို ပေးအပ်ရန်နှင့် အသင်းဝင်ကုမ္ပဏီများမှ ပံ့ပိုးမှုဖြင့် ၎င်းတို့၏ လူမှုဘဝ ဖွံ့ဖြိုး တိုးတက်အောင် အစီအစဥ်များ ဆောင်ရွက်ပေးခြင်းနှင့် လိုအပ်ပါက ကျောင်းပညာရေး (သို့မဟုတ်) အခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များ ဆည်းပူးနိုင်ရန် စီစဥ်ဆောင်ရွက်ပေးရမည်။


[4]  မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားသည်။ အဝတ်အထည်ကဏ္ဍတွင် လူငယ် လုပ်သား များအတွက် ပညာရေးနှင့် ကျောင်းတက်နိုင်ရန် အခွင့်အရေးမှာ မရှိသလောက် နည်းပါးသည်။ ထို့ကြောင့် MGMA အနေဖြင့် အရွယ် မရောက်သေးသော အလုပ်သမားများအတွက် သင့်လျော်မည့် အစီအစဥ်များကို ထောက်ပံ့ပေးသွားပြီး လူငယ်အလုပ်သမားများ၏ ပညာရေးအတွက် ဖြေရှင်းနိုင်မှုများ လုပ်ဆောင်ပေးသွားမည်ဟု လုံးဝ ကတိပြုထားသည်။

၄။ (ခ) လူငယ်လုပ်သားများအတွက် ကာကွယ်မှုနှင့် ကျွမ်းကျင်မှုတိုးတက်‌အောင် ဆောင်ရွက်ခြင်း

အသင်းဝင်ကုမ္ပဏီများအနေဖြင့် လူငယ်များအား ထိရောက်စွာ ကာကွယ်မှုပြုရန်နှင့် ၎င်းတို့၏ ကျွမ်းကျင်မှု၊ တိုးတက်မှုများကို စောင့်ကြည့်အသိအမှတ်ပြုရန် လိုအပ်သည်။ လူငယ်အလုပ်သမားများအား ၎င်းတို့၏ ကျန်းမာရေး ထိခိုက်နိုင်သော၊ လုံခြုံစိတ်ချမှုမရှိသော (သို့မဟုတ်) အန္တရာယ်ရှိသော လုပ်ငန်းတာဝန်များ ပေးအပ်ဆောင်ရွက်စေခြင်း မပြုရန်။ ထို့အပြင် ညဆိုင်းဆင်းခြင်း၊ အန္တရာယ်ရှိသော စက်ယန္တရားများ၊ ဓာတုဗေဒဆေးများ ကိုင်တွယ်စေခြင်းနှင့် ပိတ်ဖြတ်စက်များကိုလည်း ကိုင်တွယ်အသုံးပြုခြင်း မပြုစေရ။ လုပ်ငန်းခွင်အတွင်း လူငယ်အလုပ်သမားများအတွက် ကျန်းမာရေးနှင့် လုံခြုံရေး အသိပညာပေးခြင်းများကို ဆောင်ရွက်ခြင်းများ ပြုလုပ်ရန်အတွက် နှိုးဆော်ရမည်။

၄။ (ဂ) အဓမ္မခိုင်းစေမှု ပ‌ပျောက်စေခြင်း

အသင်းဝင်ကုမ္ပဏီများတွင် အလုပ်သမားများအား ၎င်း၏ဆန္ဒမပါဝင်ဘဲ အတင်းအဓမ္မ ခိုင်းစေမှုများ ကို တင်းကြပ်စွာတားမြစ်သည်။ အလုပ်သမားများအား အဓမ္မခိုင်းခြင်းမပြုရန်၊ မဆောင်ရွက်ပါက အပြစ်ပေး ခြင်း၊ အကြမ်းဖက်မှုပြုခြင်း (သို့မဟုတ်) ခြိမ်းခြောက်မှုများ မပြုရ။ အလုပ်သမားများအား အလုပ်ခန့်ထား ရာတွင် လုပ်ငန်း/ကုမ္ပဏီများမှ စ‌ပေါ်‌ငွေတောင်းခံ ထိန်းသိမ်းထားခြင်း၊ မှတ်ပုံတင်များ ထိန်းသိမ်းထားခြင်း နှင့် အခြားသော ပုဂ္ဂိုလ်ရေး စာရွက်စာတမ်းများ၊ ပစ္စည်းများကို ထိန်းသိမ်းခြင်းများလည်း မပြုလုပ်ရ။ အလုပ်သမားတိုင်းသည် အလုပ်မှနှုတ်ထွက်ရာတွင် ဥပဒေတွင် သတ်မှတ်ထားသော ကာလအပိုင်းအခြား အတိုင်း အလုပ်ရှင်ထံ ကြိုတင်အကြောင်းကြားပြီးပါက အလုပ်မှ နှုတ်ထွက်ခွင့်ရှိသည်။

၄။ (ဃ) အလုပ်ခွင်အတွင်းနှင့် အလုပ်ခန့်ချိန်အတွင်း ခွဲခြားဆက်ဆံမှု မရှိစေခြင်း

အသင်းဝင်ကုမ္ပဏီများသည် မိမိတို့လုပ်ငန်းခွင်အတွင်းနှင့် အလုပ်ခန့်ချိန်အတွင်း ခွဲခြားဆက်ဆံမှုများ မရှိစေရန် တာဝန်ယူဆောင်ရွက်ရမည်။ လူမျိုးရေး၊ ဘာသာရေး၊ ကျား/မ၊ နိုင်ငံရေး၊ လူမှုရေး၊ ကိုးကွယ်မှုကဲ့ သို့ အကြောင်းချက်များအပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်းများ မပြုရ။ ထို့အပြင် လုပ်ဆောင်ချက်၊ စွမ်းဆောင်နိုင်စွမ်း တူညီမှုရှိသော အခြေအနေများတွင် အမျိုးသား၊ အမျိုးသမီးဟု ခွဲခြားဆက်ဆံခြင်း မပြုဘဲ တန်းတူအခွင့်အရေး ပေးအပ်ရန် လိုအပ်ပေသည်။

၄။ (င) လွတ်လပ်စွာ သင်းဖွဲ့နိုင်ခြင်းနှင့် စုပေါင်းညှိနှိုင်း ဆောင်ရွက်နိုင်စေခြင်း

အလုပ်သမားတိုင်းသည် ၎င်း၏ ကိုယ်ပိုင်ရွေးချယ်မှုဖြင့် အလုပ်သမား အဖွဲ့အစည်းဖွဲ့နိုင်ခွင့် (သို့မဟုတ်) အဖွဲ့ဝင်အဖြစ် ဝင်ရောက်နိုင်ခွင့်ရှိသည်။ အသင်းဝင်ကုမ္ပဏီများ အနေဖြင့်လည်း အလုပ်သမား အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်ကို လေးစားမှုပြုခြင်း၊ ပူးပေါင်းဆောင်ရွက်မှု ပြုခြင်းဖြင့် လုပ်ငန်းခွင် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်သည်။ အလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်း သည်ကို မနှစ်သက်သော အပြုအမူများဖြင့် အလုပ်သမားအဖွဲ့အစည်း ဝာာဝန်ခံ၊ အမှုဆောင်များအား အလုပ် မှထုတ်ပယ်ခြင်း (သို့မဟုတ်) ရာထူးချခြင်း မရှိစေရ။ အလုပ်သမားအဖွဲ့အစည်း အလုပ်အမှုဆောင် အဖွဲ့ဝင် များအား ဥပဒေမှ သတ်မှတ်ခွင့်ပြုထားသော အခြေအနေအတိုင်း ဆောင်ရွက်ခွင့်ပြုရမည်။

၄။ (စ) အလုပ်သမားများအား စာနာထောက်ထားမှုပြုခြင်း

အသင်းဝင် ကုမ္ပဏီများ၏ စီမံခန့်ခွဲမှု အဆင့်ရှိ အရာထမ်းများအနေဖြင့် အလုပ်သမားများ၏ ကိုယ်ပိုင် ဂုဏ်သိက္ခာကို အသိအမှတ်ပြု ဆက်ဆံရမည်။ ရိုင်းပြမလျော်ညီသော ပြောဆိုမှု၊ ဆက်ဆံမှုများ မရှိစေရန်နှင့် ချမှတ်ထားသော စည်းကမ်းများ ဖောက်ဖျက်သော အလုပ်သမားများကိုလည်း ကိုယ်ထိလက် ရောက်ကျူးလွန်ခြင်း (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေနိုင်သော အပြုအမူများဖြင့် ပြစ်ဒဏ်ပေး အရေးယူခြင်းများ မပြုရ။

၄။ (ဆ) လုပ်ခလစာနှင့် အခြားခံစားခွင့်များ

ပုံမှန်အလုပ်ချိန်အတွက် လုပ်အားခသည် စာချုပ်ချုပ်ဆိုထားသော လုပ်ခလစာ (သို့မဟုတ်) တရားဝင် သတ်မှတ်ထားသော အနည်းဆုံးအခကြေးငွေအောက် လျော့နည်းခြင်းမရှိစေဘဲ ပေးချေရန်။ အလုပ်သမားများ၏ လုပ်ခလစာနှင့် အကျိုးခံစားခွင့်များကို အလုပ်သမားများအတွက် အဆင်ပြေချောမွေ့ သည့်နည်းလမ်းဖြင့် အချိန်မှီစွာပေးချေရမည်။ လုပ်ခလစာ ပေးရာတွင်လည်း အလုပ်သမား တစ်ဦးချင်းစီ အတွက် အသေးစိတ်အချက်အလက်များကို အလုပ်သမားနားလည် နိုင်အောင် ရှင်းလင်းဖော်ပြပေးရမည်။ အလုပ်သမားများ၏ လုပ်ခလစာမှ တရားမဝင်သော၊ အကြောင်းဆီလျော်မှုမရှိသော၊ (အထူးသဖြင့် စည်း ကမ်းထိန်းသိမ်းရေးအတွက်) ‌‌ငွေကြေးဖြတ်တောက်မှုများအား မပြုလုပ်ရ။

၄။ (ဇ) အလုပ်ချိန်နှင့် အချိန်ပိုအလုပ်ချိန်များ

အထည်ချုပ်လုပ်ငန်းတွင် ပြည်တွင်းဥပဒေမှ သတ်မှတ်ထားသည့် ပုံမှန် တစ်ပတ်အလုပ်လုပ်ချိန် သည် ၄၄ နာရီ (တစ်ရက် ၈ နာရီ၊ စနေနေ့ ၄ နာရီ) ထက် မကျော်လွန်ရ။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ သတ်မှတ်ခွင့်ပြုပေးသည့် နာရီအတိုင်း လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ပုံမှန် အချိန်ပို အလုပ်ချိန်ကို ရက်သတ္တပတ်အတွက် နာရီ (၂၀)၊ (တနင်္လာမှ သောကြာအထိ တစ်နေ့လျှင် ၃ နာရီ နှင့် စနေနေ့အတွက် ၅ နာရီ) ဆောင်ရွက်နိုင်သည်။ သို့သော်လည်း အလုပ်သမားများ ကျန်းမာရေးကို ရှေးရှု၍ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် အသင်းဝင်များသည် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ မှ သတ်မှတ်ထားသော အများဆုံး ရက်သတ္တပတ် စုစုပေါင်းအလုပ်ချိန် နာရီ (၆၀)[5] အထိ အလုပ်ချိန်ကို လျှော့ချနိုင်ရန် အတတ်နိုင်ဆုံးကြိုးစားသွားမည်။ အချိန်ပို လုပ်ခတွက်ချက်မှုသည် ပြည်တွင်းဥပဒေမှ သတ်မှတ်ထားသည့်အတိုင်း တွက်ချက်ပေးရန်။ အလုပ်သမားများအား ရက်သတ္တပတ် ပြက္ခဒိန်ရက် (၇) ရက်ကာလတိုင်းတွင် အနည်းဆုံးအလုပ်နားရက် (၁) ရက်ခွင့်ပြုပေးရမည်။ အသင်းဝင်ကုမ္ပဏီများအနေဖြင့် ပြည်တွင်းဥပဒေအရ အခကြေးငွေခံစားခွင့်ရှိသည့် ခွင့်ရက်နှင့် အလုပ်ပိတ်ရက်များကို ခံစားခွင့်ပေးရမည်။


[5]  Article 2, Hours of Work (Industry), ILO Convention (No.1), 1919

 

၅။ လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းမှု

အသင်းဝင်ကုမ္ပဏီများသည် မိမိအလုပ်သမားများအတွက် ဘေးကင်းလုံခြုံ၍ ကျန်းမာရေးနှင့် ညီညွတ်သော အလုပ်ပတ်ဝန်းကျင် တည်ထောင်ပေးမည်ဟု ကတိကဝတ်ပြုသည်။ နေထိုင်ရာ အဆောင်ပေး သော ကုမ္ပဏီများအနေဖြင့်လည်း မိမိထောက်ပံ့ပေးထား‌သော အဆောင်များကို ဘေးကင်းလုံခြုံ၍ ကျန်းမာ ရေးနှင့် ညီညွတ်အောင် လုပ်ဆောင်ရန် တာဝန်ရှိသည်။

လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ တည်ဆဲဥပဒေများ၊ စည်းမျဉ်းစည်းကမ်း များကို အစဉ်အမြဲ စောင့်ကြည့်လေ့လာရမည်ဖြစ်သည်။ ကုမ္ပဏီများသည် လုပ်ငန်းခွင်အတွင်း ကျန်းမာရေး အန္တရာယ်နှင့် မတော်တဆ ထိခိုက်မှုများ လျော့ချနိုင်ရန်အတွက် သင့်တော်သည့် စီမံဆောင်ရွက်မှုများ ပြုရမည်။ အထူးသဖြင့် အလုပ်သမားများအား တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ အခမဲ့ပေးခြင်းနှင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အခမဲ့သင်တန်းများ ပို့ချပေးခြင်းများ ပြုလုပ်ရမည်။ ပြည့်စုံလုံလောက်သော လေဝင်လေထွက်စနစ်နှင့် အပူချိန်သတ်မှတ်ချက်များကိုလည်း လုပ်ဆောင်ရမည်။ သောက်သုံးရေ၊ အလုပ်သမားများ စားသောက်ရန်နေရာနှင့် အိမ်သာများကိုလည်း စီစဉ်‌ပေးရမည်။

ကုမ္ပဏီများသည် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များ အတွက် တာဝန်ရှိသူ အနည်းဆုံးတစ်ယောက်ကို ခန့်ထားရမည်။ အရေးပေါ်ကိစ္စများအတွက် ရှေးဦးသူနာပြု အစီစဉ်ကဲ့သို့သော ကြိုတင် ကာကွယ်ခြင်းများကိုလည်း လေ့ကျင့်လုပ်ဆောင်ထားရမည်။ အရေးပေါ်အခြေ အနေများတွင် အလုပ်သမားများသည် ကြိုတင်ခွင့်ပြုချက်မယူဘဲ ဘေးကင်းရာသို့ ချက်ချင်းထွက်ခွာခွင့် ရှိသည်။ သင့်တင်မျှတသော မီးသတ်ဆေးဗူး အရေအတွက်၊ မီးငြိမ်းသတ်ရေး ကိရိယာများအပြင် အပျက် အစီးကြားမှ လွတ်မြောက်နိုင်သော လမ်းကြောင်းများနှင့် လုံလောက်သော အရေးပေါ် ထွက်ပေါက်များကို အမြဲတစေ အသုံးပြုနိုင်ရန် စီမံထားရမည်။

 

၆။ ပတ်ဝန်းကျင်ထိခိုက်မှု နှင့် ရေဆိုးစွန့်ပစ်ခြင်း စီမံခန့်ခွဲမှု

ကုမ္ပဏီများသည် ပတ်ဝန်းကျင်ကာကွယ်ရန်နှင့် သဘာဝသယံဇာတများကို ထိန်းသိမ်းရန် ကတိ ကဝတ်ပြုသည်။ မိမိလုပ်ငန်းကြောင့် ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကို တက်နိုင်သမျှ လျော့ချနိုင်ရန် သင့်လျော်သည့် စီမံဆောင်ရွက်မှုများ ဆောင်ရွက်ရမည်။ ဤသို့ လုပ်ဆောင်ရာတွင် ပတ်ဝန်းကျင် သဟဇာတဖြစ်စေမှု၊ စွမ်းအင်ကို ထိရောက်စွာ အသုံးချ၍ ထုတ်လုပ်မှု နှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုစနစ်များကို တိုးမြှင့်လုပ်ဆောင်ရမည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင် ကုမ္ပဏီများသည် ရှားပါးသော သယံ ဇာတများဖြစ်သည့် မြစ်ချောင်းများ ရေအရင်းအမြစ်များနှင့် ပတ်သက်၍ အမြဲသတိရှိပြီး ဒေသတွင်း ပတ်ဝန်း ကျင်ကို ကာကွယ်ရန် ခိုင်မာသော ကတိကဝတ်ပြုရမည်။ ရေလျှော်ခြင်း၊ ဆေးဆိုးခြင်း လုပ်ငန်းများအတွက် ရေဆိုးပြန်လည် သန့်စင်ခြင်းနှင့် စစ်ဆေးခြင်းတို့အတွက် သင့်လျော်ထိရောက်သော နည်းလမ်းများ အသုံးပြုရမည်။ ထို့အပြင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း အသင်းဝင်ကုမ္ပဏီများအနေဖြင့် ရေဆိုးပြန်လည်သန့်စင်မှုအတွက် ထိရောက်သော နည်းလမ်းများ အသုံးပြုခြင်းမရှိသည့် ရေလျှော် ဆေးဆိုး လုပ်ငန်း ကုမ္ပဏီများနှင့် လုပ်ငန်းလုပ်ဆောင်ရန် ငြင်းဆန်ရမည်။

အန္တရာယ်ရှိပြီး အဆိပ်အတောက်ဖြစ်စေသောအရာများ စွန့်ပစ်ရာတွင် သတ်မှတ်ထားသော သင့်လျော်သော စွန့်ပစ်နေရာများတွင် ၎င်းပစ္စည်းများကို ကိုင်တွယ်ရန် လေ့ကျင့်ပေးထားသော သူများကသာ စွန့်ပစ်ရမည်။

 

၇။ တစ်ဆင့်ခံ ကန်ထရိုက်တာအဖြစ် ငှားရမ်းမှုဆိုင်ရာ မူဝါဒ

ကုန်ပစ္စည်းပေးပို့ ထောက်ပံ့မှုလုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှုကို ထိခိုက်မှုမရှိစေရန် အသင်းဝင် ကုမ္ပဏီများသည် ခွင့်ပြုချက်မရှိဘဲ တတိယကုမ္ပဏီများထံသို့ တစ်ဆင့်ခံလုပ်ငန်း အပ်နှံခြင်းစာချုပ် ချုပ်ဆို ခြင်းကို ရှောင်ကြဉ်ရမည်။ လုပ်ငန်းပမာဏပေါ် မူတည်၍ တစ်ဆင့်ခံ လုပ်ငန်းအပ်နှံခြင်းစာချုပ် ချုပ်ဆိုရန် လိုအပ်သည့်အခါတိုင်းတွင် ကုမ္ပဏီများသည် တတိယကုမ္ပဏီများအား ကျင့်ဝတ်တွင် ဖော်ပြထားသော မူဝါဒ လိုအပ်ချက်များကို လေးစားလိုက်နာစေရမည်။

 

၈။ သဘောတူလက်ခံခြင်းနှင့် ကျင့်သုံးခြင်း အတိုင်းအတာ

ဤကျင့်ဝတ်ကို မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ အသင်းဝင်ကုမ္ပဏီများအား မိမိ သဘောဆန္ဒအလျောက် လိုက်နာကျင့်သုံးကြရန် တိုက်တွန်းသည်။ စက်ရုံတစ်ရုံချင်းစီအနေဖြင့် ဤကျင့် ဝတ်ကို စွဲစွဲမြဲမြဲ လိုက်နာကျင့်သုံးနိုင်မည့် အခြေအနေပေးသည့်အခါတိုင်း တက်အားသရွေ့ ကြိုစားလိုက်နာ ကျင့်သုံးရမည်။

ဤကျင့်ဝတ်ကို မည်သည့်ကုမ္ပဏီ စီးပွားရေးလုပ်ငန်းမဆို လိုက်နာကျင့်သုံးနိုင်သည်။ တစ်ချိန်တည်း မှာပင် ကုမ္ပဏီများသည် မိမိတို့နှင့် လုပ်ငန်းကန်ထရိုက်အရ ဆက်နွယ်မှုရှိသည့် ထောက်ပံ့သူများနှင့် တစ်ဆင့် ခံ ကန်ထရိုက်တာများကို ဤကျင့်ဝတ်အား လိုက်နာရန် တောင်းဆိုရမည်။

 

၉။ ကျင့်ဝတ် အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်းအတွက် စီးပွားရေးလုပ်ငန်းများ၏ စီမံအုပ်ချုပ်မှု

ကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းများ၏ လူမှုရေးအရတာဝန်ယူမှု တန်ဖိုးနှင့် မူဝါဒများကို မိမိတို့၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ထည့်သွင်း‌ ဆောင်ရွက်ရမည်။ ကျင့်ဝတ် အကောင်အထည်ဖော်ခြင်းနှင့် ထိန်းသိမ်းခြင်အတွက် အထောက်အကူဖြစ်စေရန် ကုမ္ပဏီများသည် သင့်တော်ရှင်းလင်းသော တာဝန်ဝတ္တရား၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းစဉ်များပါဝင်သည့် စီမံခန့်ခွဲမှုစနစ်များထားရှိရမည်။ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှုရှိသော စောင့်ကြည့်မှုဆိုင်ရာတွင် ပြင်ပထိန်းချုပ်မှုများအတွက် ခွင့်ပြုခြင်းနှင့် တိုင်တန်းချက်များအတွက် လုပ်ထုံးလုပ်နည်းများအနေဖြင့် သင့်တော်သော ကြိုတင်ကာကွယ်မှုနှင့် ကုစားမှုဆိုင်ရာ စီမံ‌ဆောင်ရွက်ချက်များ ထားရှိရမည်။

သင့်တော်သော သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကုမ္ပဏီများသည် ဤကျင့်ဝတ်ကို ကုမ္ပဏီအတွင်းပိုင်းရော၊ ကုမ္ပဏီပြင်ပမှာပါ လွတ်လပ်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်သည်။

 

၁၀။ အငြင်းပွားမှုများ၊ နစ်နာမှုများနှင့် တိုင်ကြားမှုများ

အလုပ်သမားများသည် စက်ရုံမူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ (သို့မဟုတ်) အလုပ်ခွင်အခြေအနေများနှင့် ပတ်သက်ပြီး အဆင်မပြေမှုများရှိပါက ထုတ်ဖော် အကြောင်းကြားခွင့်ရှိသည်။ အမည်ဖော်ပြရန်မလိုသော အကြံပြုဝေဖန်ချက်များ ရရှိနိုင်ရန်အတွက် စက်ရုံတစ်ရုံချင်းစီတွင် အကြံပြုစာထည့်ရန် သေတ္တာ (ပုံး) ထားရှိသင့်သည်။ ကုမ္ပဏီများသည် စက်ရုံအလုပ်သမားများနှင့် သက်ဆိုင်သော နစ်နာမှုများအပေါ်‌ ဆောင်ရွက်ပေးမှုနှင့် ဆောင်ရွက်ပေးနိုင်မှုများကို တိုးတက်အောင် အကောင်အထည်ဖော်ပေးရမည်။ တစ်ဦးတစ်ယောက်ချင်းစီ ထုတ်ဖော်ပြောကြားမှုများကို ဒဏ်ခတ်ခြင်း (သို့မဟုတ်) မည်သည့် လက်တုန့်ပြန်ခြင်းမျှ မပြုလုပ်ရ။

ကျင့်ဝတ်ကို ချိုးဖောက်မှုနှင့် ပတ်သက်ပြီး ထုတ်ဖော်အကြောင်းကြားလိုပါက (သို့မဟုတ်) သတင်း အချက်အလက် သိရှိလိုပါက မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းသို့ မည့်သည့်အချိန်တွင်မဆို လူကိုင်တိုင် တယ်လီဖုန်းဖြင့်ဖြစ်စေ အမည်ဖော်ပြရန် မလိုအပ်ဘဲ ဆက်သွယ်နိုင်သည်။

 

၁၁။ ပြင်ဆင်ခြင်းနှင့် အသိပေးခြင်း

ဤကျင့်ဝတ်ကို မြန်မာဘာသာစကားဖြင့် စက်ရုံတိုင်းတွင် ထားရှိရမည်ဖြစ်ပြီး အများမြင်သာသော အလုပ်ခွင် နေရာများတွင် ပြသထားရမည်။ ကုမ္ပဏီများအနေဖြင့် ဤကျင့်ဝတ်တွင် ပါဝင်သော တန်ဖိုးနှင့် စည်းမျည်းစည်းကမ်းများကို အလုပ်သမားများအား နှုတ်ဖြင့် ရှင်းပြရမည်ဖြစ်သလို လိုအပ်ပါက သင်တန်းပေး ရှင်းပြရမည်။

ကုမ္ပဏီများအနေဖြင့် ဤကျင့်ဝတ်ကို မိမိတို့စီးပွားရေး လုပ်ဖော်ကိုင်ဖက်များ အများပြည်သူနှင့် အလုပ်ရှာဖွေသူများ၊ တစ်ခြားသော စီးပွားရေး လုပ်ငန်းတွင် ပါဝင်သူများကိုလည်း ရှင်းလင်းတင်ပြရမည် ဖြစ်သည်။ ဤကျင့်ဝတ်သည် မြန်မာ့အထည်ချုပ် ထုတ်လုပ်သူများ၏ အဓိကကျသော တန်ဖိုးကို ဖော်ပြ သည်။ အထည်ချုပ်လုပ်ငန်းသည် ဤကျင့်ဝတ်နှင့်ပတ်သက်သော စည်းကမ်းများကို လိုက်နာကျင့်ကြံ ကြောင်း သိရှိနိုင်ကြစေရန် ဤကျင့်ဝတ်ကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း အင်တာနက် စာမျက်နာတွင် အများပြည်သူသိရှိနိုင်ရန် တင်ပြထားမည်ဖြစ်သည်။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း အလုပ်မှုဆောင်အဖွဲ့က နှစ်စဉ်ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြင်ဆင်မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

 

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း